
Mah hi na phone ah install rak tush law Internet line hman hau tuk lo in vawleicung thawng rel khawh a si cang mu!
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဆရာဟောင်းဖြစ်သူ ဂွါဒီယိုလာနှင့် ပြိုင်ဘက်အသွင်ဆောင်လာခဲ့သော်လည်း မိမိတို့အကြား ရင်းနှီးသည့်ဆက်ဆံရေးအခြေအနေ ပြောင်းလဲမည်မဟုတ်ကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။
အာတီတာ (၄၀ နှစ်) သည် မန်စီးတီးအသင်း၌ ဂွါဒီယိုလာ၏ လက်ထောက်နည်းပြအဖြစ် ၂၀၁၆ ခုနှစ် နွေရာသီမှ အာဆင်နယ်အသင်းသို့ မပြောင်းရွှေ့မီ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ ဆောင်ရွက်ခဲ့သူဖြစ်သည်။
မန်စီးတီးအသင်းနှင့် အာဆင်နယ်အသင်းသည် ယခုရာသီအတွက် ပထမဆုံးတွေ့ဆုံမှုအဖြစ် သောကြာနေ့ ညပိုင်းတွင် FA ဖလားပွဲစဉ်အဖြစ် အီတီဟတ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ အာတီတာအနေဖြင့် ယခုရာသီတွင် အာဆင်နယ်အသင်းအား အကောင်းဆုံးပုံစံရရှိစေရန် စွမ်းဆောင်ပေးထားပြီး ပရီးမီးယားလိဂ်၌ မန်စီးတီးထက် တစ်ပွဲလျော့၊ (၅)မှတ်အသာဖြင့် ဦးဆောင်ခွင့်ရထားသည်။
သို့ဖြစ်ရာ ဆရာဟောင်းဖြစ်သူနှင့် တွေ့ဆုံမှုအပေါ် အာတီတာက “တစ်နေ့နေ့ ဒီလိုဖြစ်လာမယ်လို့ ကျွန်တော် အမြဲတမ်းမျှော်လင့်ထားပြီးသားပါ။ အခုတော့ ဒီရာသီမှာ ဖြစ်လာပါပြီ။ ဒါက ကျွန်တော်တို့ရဲ့ ခင်မင်ရင်းနှီးမှုကို ပြောင်းလဲသွားစေမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ သူက ကျွန်တော့်ဘဝအတွက် ဘယ်လောက်အထိ အရေးပါတဲ့သူလဲ၊ သူက ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်အတွက် ဘယ်လောက်အထိ အရေးပါတဲ့သူလဲ။ ကျွန်တော်တို့နှစ်ယောက်စလုံးက နိုင်ပွဲရယူပြီး ကိုယ့်ရဲ့အသင်းအတွက် တတ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းနဲ့ ကာကွယ်ပေးချင်ပါတယ်။ အဲဒါက အသင်းကိုစရောက်တဲ့နေ့ကတည်းက ဖြစ်ခဲ့တာပါ။ ဒီပွဲက ကျွန်တော်တို့ရဲ့ ဘောလုံးရာသီကို အဆုံးအဖြတ်တချို့ပေးနိုင်တယ်ဆိုတာ ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သောကြာနေ့မှာ ကျွန်တော်တို့ အနိုင်ရခဲ့ရင် နောက်တစ်ဆင့်တက်ရောက်နိုင်မှာဖြစ်ပြီး သူတို့ကတော့ မလုပ်နိုင်တော့ပါဘူး။ ဒါက ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ပြိုင်ပွဲပါ။ ဒီပွဲက ကျွန်တော်တို့အတွက် ရှေ့ဆက်သွားဖို့နဲ့ ဆုဖလားရယူဖို့ အခွင့်အရေးတစ်ရပ်ပေးနိုင်မယ်ဆိုတာ သေချာပါတယ်”ဟု သုံးသပ်ပြောကြားခဲ့သည်။
ထို့ပြင် ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူရမည့် ကွင်းလယ်လူ အယ်လ်နန်နီ၏နေရာကို အစားထိုးရန်အတွက် ကွင်းလယ်ပိုင်းအားဖြည့်ရန် လိုအပ်ကြောင်း အာတီတာက ဆက်လက်ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် တောင်ပံကစားသမား ထရိုဆက်ဒ်နှင့် နောက်ခံလူ ယာကူကိရောကို ခေါ်ယူထားသည်။
Leave a Reply