ဘရိုက်တန်အသင်းကို (၀-၃) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲမှာ မိမိနည်းပြဘဝတွင် အဆုံးရွားဆုံးရှုံးပွဲဖြစ်ကြောင်း ယာဂန်ကလော့ပ် ပြောကြား



လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ဘရိုက်တန်အသင်းအား (၀-၃) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲမှာ မိမိ၏နည်းပြဘဝတစ်လျှောက် အဆိုးရွားဆုံးရှုံးပွဲဖြစ်ကြောင်း FA ဖလား ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ဇန်နဝါရီ ၁၄ ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘရိုက်တန်အသင်းကို အဝေးကွင်း၌ လုံးဝမယှဉ်နိုင်ဘဲ (၀-၃) ဂိုးဖြင့် ခြေပြတ်ဂိုး ပြတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းသည် ယနေ့ တွင် FA ဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းကို အဝေးကွင်းတွင်ပင် သွားရောက်ကစားရမည်ဖြစ်သည်။ ဘရိုက်တန်အသင်းနှင့် ကစားမည့် FA ဖလားစတုတ္ထ အဆင့်ပွဲစဉ်အတွက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ဘရိုက်တန်အသင်းကို ရှုံးနိမ့်သည့်ပွဲမှာ မိမိ၏နည်းပြဘဝတစ်လျှောက် အဆိုးရွားဆုံးပွဲဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်တွင် ဘရိုက်တန်အသင်းကို (၀-၃) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲနှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ကလော့ပ်က “ကျွန်တော့်ရဲ့ နည်းပြဘဝတစ်လျှောက် ရင်ဆိုင်ခဲ့ရတဲ့ပွဲတွေမှာ အဆိုးရွားဆုံးပွဲပါပဲ။ အဲဒီပွဲပြီးနောက် တခြားပွဲတွေ ကစားခဲ့ရလို့ တော်သေးတာပေါ့။ အခုအချိန်မှာတော့ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ပါပြီ။ ချယ်လ်ဆီးနဲ့ပွဲမှာဆိုရင် ပထမပိုင်းမှာ စည်းကမ်းတကျကစားနိုင်ခဲ့ပြီး သူတို့ကို အခွင့်အရေးတွေ သိပ်မပေးခဲ့ရပါဘူး။ တနင်္ဂနွေနေ့မှာကစားမယ့် ဘရိုက်တန်နဲ့ပွဲမှာလည်း ကျွန်တော်တို့ အဲဒီလိုကစားနိုင်ဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီတွင် ဖလားလေးလုံးလမ်းကြောင်းပေါ်၌ နောက်ဆုံးပွဲစဉ်အထိရှိခဲ့ပြီး လိဂ်ဖလားနှင့် FA ဖလားတို့ကို ရယူနိုင်ခဲ့ သည်။ ယခုရာသီတွင်မူ လီဗာပူးလ်အသင်းသည် လိဂ်ဖလားမှ ထွက်ခွာခဲ့ရပြီး ပရီးမီးယား လိဂ်တွင် အဆင့် ၉ သို့ ရောက်ရှိနေကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရန်ပင် ရုန်းကန်ရဖွယ်ရှိနေသည်။

အကယ်၍ လီဗာပူးလ်အနေဖြင့် ဘရိုက်တန်ကိုနိုင်ပြီး FA ဖလားတွင် နောက်တစ်ဆင့်တက်ခဲ့လျှင် အသင်း၏ခြေစွမ်းပြန်ကောင်းနိုင်သလားဟုမေးမြန်းခဲ့ရာ ကလော့ပ် က “ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သေချာပေါက် တွက်ထားလို့တော့ မရပါဘူး။ လိဂ်ဖလားနဲ့ FA ဖလားပြိုင်ပွဲတွေမှာ ကျွန်တော်တို့ရဲ့မှတ်တမ်းက မကောင်းပါဘူး။ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲ သုံးကြိမ်တက်ရောက်နိုင်ခဲ့ပေမဲ့ တခြားပြိုင်ပွဲတွေမှာတော့ အဲဒီလိုမဟုတ်ပါဘူး။ ပြီးတော့ ဖလားပွဲစဉ်တွေ ပိုပြီးခက်ပါတယ်” ဟု ပြောကြားခဲ့သည်။



Source link

Be the first to comment

Leave a Reply

Your email address will not be published.


*