မကွေးမှာ ကားနဲ့ဆိုင်ကယ်တွေ ဖမ်းဆီးပြီး အသံတိတ်သပိတ် လုပ်မယ့်နေ့မှာ ပြန်လာရွေးခိုင်း

မကွေးတိုင်း၊ မကွေးမြို့ပေါ်မှာ ကားနဲ့ မော်တော်ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်သားတွေနဲ့ ယာဉ်ထိန်းရဲ့တွေ ဖမ်းဆီးပြီး စစ်အာဏာသိမ်း နှစ်နှစ်ပြည့်အဖြစ် ဖေဖော်ဝါရီ ၁ ရက်နေ့ တစ်နိုင်ငံလုံးကျင်းမယ့် အသံတိတ်သပိတ် လှုပ်ရှားမှုနေ့မှာ လာရောက်ရွေးယူဖို့ ပြောထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့မှာလည်း မကွေးမြို့ပေါ်က လမ်းအချို့မှာ စီမံချက်နဲ့ ဆက်လက်ဖမ်းဆီးနေသလို ဒဏ်ငွေမဆောင်ခိုင်းဘဲ ချလံရေးပေးပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လာရောက်ထုတ်ယူဖို့ ပြောဆိုခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ကတည်းက မကွေးမြို့ပတ်လမ်းတွေနဲ့ ဈေးတွေမှာ ကားနဲ့ ဆိုင်ကယ်တွေကို လိုင်စင်၊ ဝှီးတက်အပြင် လူလိုင်စင်တွေပါ စစ်ကောင်စီတပ်နဲ့ ယာဉ်ထိန်းရဲ အင်အား ၂၀ ခန့်နဲ့ ပိုက်စိပ်တိုက် စစ်ဆေး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို မကွေးမြို့မရဲစခန်းကို ယူဆောင်သွားပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၉ နာရီကနေ ၃ နာရီအတွင်း လာရောက်ရွေးယူဖို့ ပြောဆိုသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အရင်က မဖမ်းဘူးတော့ မဟုတ်ဘူးဗျ၊ ဖမ်းတယ်။ ဒါပေမဲ့ ပိုက်ဆံလေး နည်းနည်းပါးပါး ပေးရင် ပြန်ပေးတယ်။ အခုက Silent Strike လုပ်မယ့်နေ့မှ လာရွေးဖို့ ပြောတယ်ဆိုတော့ တမင်သက်သက် လူစည်ကားတဲ့ ပုံစံမျိုးဖြစ်အောင် လုပ်တာပေါ့။ အဲဒီနေ့မှာ လာမရွေးရင် ဘာဖြစ်မလဲဆိုတာတော့ ကျနော်လည်း မသိရဘူးဖြစ်နေတယ်”

အခြားမြို့နယ်အချို့မှာလည်း အခုလိုဖမ်းဆီးပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာမှ ပြန်လာရွေးဖို့ လုပ်နေတာတွေ ရှိတယ်လို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ စစ်တပ်အာဏာသိမ်းတာ နှစ်နှစ်ပြည့်ဖြစ်ပြီး တစ်နိုင်ငံလုံးမှာ အသံတိတ်သပိတ် (Slient Strike) အဖြစ် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ အပြင်မထွက်ဘဲ ဆန္ဒပြကြဖို့ တော်လှန်ရေး အဖွဲ့တွေက ကြေညာထားပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီကိုဆန့်ကျင်တဲ့ အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် နိုင်ငံရေးအင်အားစုတွေနဲ့ တိုက်တွန်းထားပါတယ်။



ad_1

The Post appeared first on this Source Link

Be the first to comment

Leave a Reply

Your email address will not be published.


*