India ramri ah Kan unau ralzaam 50 renglo an tlaihchap hna

မြန်မာနိုင်ငံနယ်စပ် အိန္ဒိယနိုင်ငံ မိုးရေးမြို့နယ်မှာရှိတဲ့ ဗီတုတ်နဲ့ မင်နုံရွာတွေမှာ တိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသား စစ်ဘေးဒုက္ခသည် ၅၀ လောက် ဇန်နဝါရီလ ၃၀ ရက်၊ မနက်ပိုင်းက အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ ဒါဟာ လေးရက်အတွင်း အဖမ်းခံရတဲ့သူ ၁၃၀ ကျော်သွားတာ ဖြစ်ပါတယ်။

မြန်မာဒုက္ခသည်တွေကို မဏိပူရ် ရဲတပ်ဖွဲ့ကဖမ်းတာဖြစ်ပြီး ပြည်နယ်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ အဖမ်းခံရသူ ၅၀ လောက်ရှိတယ်လို့ ဆိုပေမယ့် အရေအတွက်တိတိကျကျကို အတည်ပြုဖို့ ကြိုးစားနေတယ်လို့ မိုးရေးမြို့မှာနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြော ပါတယ်။

“လူဦးရေကတော့ အတိအကျ မသိနိုင်သေးဘူး။ အဖမ်းခံရတယ်ဆိုတာတော့ ကြားလိုက်ရတယ်။ မဏိပူရ် ၀န်ကြီးချုပ်က မြန်မာစစ်ဘေးရှောင်တွေကို ဖမ်းဖို့အတွက် ဖမ်းမိန့်ထုတ်ထားတယ်ဆိုတဲ့ ကောလဟာလ သတင်းကြားနေရတယ်ဆိုတော့ မြန်မာပြည်ဘက်ကလာတဲ့ စစ်ဘေးရှောင်မှန်သမျှကို မဏိပူရ်က ဖမ်းမိန့်ထုတ်ထားတဲ့ ကောလဟာလ ထွက်လာတဲ့အခါကျတော့ အကုန်လုံး ပုန်းကြရှောင်ကြရတယ်။ အချင်းချင်းတောင်မှ မကူညီနိုင်ကြတဲ့ အနေအထားဖြစ်နေတယ်”

မိုးရေးမြို့နယ်က နယ်စပ်တစ်လျှောက်မှာရှိတဲ့ ရွာတွေမှာ မြန်မာဘက်ကရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ရဲတပ်ဖွဲ့က ဆက်ပြီးရှာနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ ဘေးလွတ်ရာကို ထပ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း မိုးရေးမြို့နယ် လန်းကျမ်းရွာနဲ့ ဆာလ်ဘွန်ရွာ နှစ်ရွာကြား နယ်မြေ ပြဿနာကြောင့် မဏိပူရ်အစိုးရက ကွင်းဆင်းစစ်ဆေးရာကနေ မြန်မာစစ်ဘေးဒုက္ခသည် အမျိုးသားအယောက် ၈၀ အဖမ်းခံရပါတယ်။

arrested-myanmar-moreh.jpg
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးမိခဲ့သည့် မြန်မာနိုင်ငံသားများအား တွေ့ရစဉ်။ (Photo: India Today NE)

အဖမ်းခံရတဲ့သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၉ ယောက်နဲ့ အသက် ၇၀ ကျော် အရွယ် နှစ်ယောက်ပါပြီး သူတို့ဟာ မဏိပူရ်ပြည်နယ် အင်ဖာ ဗဟိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ဆက်ဆံရေးအရာရှိ ဆလိုင်းကျုံးဒေါ့က RFA ကို ပြောပါတယ်။

“အဖမ်းခံထားရတဲ့ အယောက် ၈၀၊ အဲဒီ ၈၀ ထဲမှာ ၂၆ ယောက်ကို အင်ဖာရဲစခန်းမှာ ပို့ကြတယ်လို့ ကျနော်တို့ သတင်းရခဲ့တယ်။ အဲဒီ ၂၆ ယောက်ထဲမှာ အသက်မပြည့် သေးတဲ့ ကလေး ၉ ယောက် ပါတယ်လို့ ပြောတယ်”

ဖမ်းဆီးခံမြန်မာနိုင်ငံသားတွေအရေးနဲ့ပတ်သက်လို့ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေအထိ အကြောင်းမပြန်သေးပါဘူး။

လက်ရှိ နှစ်နိုင်ငံနယ်စပ် မြန်မာဘက်ခြမ်းက တမူးမြို့နယ်ဘက်မှာလည်း လုံခြုံရေး တင်းကျပ်ထားသလို စစ်ကောင်စီဘက်က လူကြီးခရီးစဉ်‌ရှိတယ်ဆိုပြီး စစ်ရဟတ်ယာဉ် အဆင်းအတက်တွေလည်း ရှိနေတယ်လို့ တမူးမြို့ဒေသခံတွေက ပြောပါတယ်။

“အခု မဏိပူရ်ပြည်နယ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတော့ တချို့က အပြင်မထွက်နိုင်တဲ့အနေအထားဖြစ်သွားတဲ့လူတွေရှိသလို တချို့က မြန်မာပြည်ဘက် ပြန်သွားတဲ့သူတွေရှိတယ်

မိုးရေးမြို့နယ်မှာ အဖမ်းခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၁၃၀ ကျော်ကို အိန္ဒိယ အာဏာပိုင်တွေက စစ်ကောင်စီဘက် ပြန်လည်လွှဲပေးမှာကို ဒေသခံတွေက စိုးရိမ် နေကြတယ်လို့ အိန္ဒိယရောက် မြန်မာနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်တဲ့ India For Myanmar အဖွဲ့ က တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

“အခု မဏိပူရ်ပြည်နယ် အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတော့ တချို့က အပြင်မထွက်နိုင်တဲ့အနေအထား ဖြစ်သွားတဲ့လူတွေရှိသလို တချို့က မြန်မာပြည်ဘက် ပြန်သွားတဲ့သူတွေ ရှိတယ်။ မဏိပူရ်ပြည်နယ်မှာဆိုရင်တော့ တချို့ဆိုရင် ဖမ်းပြီးတော့ မြန်မာပြည်ပြန်ပို့မယ်ဆိုပြီးတော့ ခြိမ်းခြောက်တာရှိတယ်။ ဒီအခြေအနေမှာဆိုရင်တော့ မြန်မာပြည်ထဲမှာ နိုင်ငံရေးတက်ကြွလုပ်ရှားသူတွေ၊ ပြစ်မူထင်ရှားနေတဲ့သူတွေဟာ မြန်မာပြည်ပြန်လှည့်ဖို့ထက် ပုန်းရှောင်နေတဲ့အနေအထားဖြစ်တယ်။ ဒါပေမဲ့ တိုက်ပွဲ ကြောင့် ခဏတိမ်းရှောင်တဲ့ဟာတွေက မြန်မာပြည် ပြန်လှည့်ကြတယ်”

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလို့ ပေါ်ပေါက်လာတဲ့ တိုက်ပွဲတွေကြောင့် မြန်မာ ဘက်ကနေ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေး ဒုက္ခသည် တစ်သောင်းငါးထောင်ကျော် ရှိနေပြီး အဲဒီအထဲက သုံးထောင်ကျော်ဟာ မိုးရေးမြို့နယ်မှာ ခိုလှုံနေကြရတာလို့ India for Myanmar အဖွဲ့က ပြောပါတယ်။

အဲဒီဒုက္ခသည်တွေကို အိန္ဒိယအာဏာပိုင်တွေက မကြာခဏ ဖမ်းနေပြီး အခုအကြိမ်ဟာ နှစ်နှစ်အတွင်း ငါးကြိမ်မြောက်ဖြစ်တယ်လို့ ဆိုပါတယ်။ အဖမ်းခံရတဲ့သူတွေကို ကူညီမယ့်သူမရှိဘူးလို့လည်း India For Myanmar အဖွဲ့က ပြောပါတယ်။

ad_1

The Post appeared first on this Source Link

Be the first to comment

Leave a Reply

Your email address will not be published.


*