
ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ရှစ်ဦးကို ပုသိမ် အကျဉ်းထောင် အထူးတရားရုံးကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း ထောင် ၁၀ နှစ်ကနေ ၁၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ ပုသိမ်မြို့ခံတွေ က ပြောပါတယ်။
သူတို့ဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်းက ပုသိမ်ဟိုတယ်ရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် အဖမ်းခံခဲ့ရတာဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၀(ဂ)၊ ၅၀(ဈ)တွေနဲ့ တရားစွဲဆိုခံခဲ့ရတာလို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက RFA ကိုပြောပါတယ်။
“ပြစ်ဒဏ်က ၁၀ နှစ်၊ ၁၅ နှစ်ဆိုတာက အမိန့်ချတဲ့ တရားသူကြီးပေါ်မှာ မူတည်သွားတာ။ စွဲဆိုထားတဲ့ ပုဒ်မတွေက ဒီပုဒ်မတွေပဲ။ သူတို့ (စစ်ကောင်စီတရားသူကြီး) အနေနဲ့ ခွဲခြားသတ်မှတ်တာက အဓိကပါဝင်တဲ့သူတွေနဲ့ ပါဝင်သူတွေကို အားပေးကူညီသူတွေ ဆိုပြီး ပြစ်ဒဏ်တွေကို ခွဲပြီးချတယ်လို့ ယူဆပါတယ်။ ဖြစ်စဉ်ကလည်း အတူတူ၊ ပုဒ်မကလည်းအတူတူပဲ ဆိုတော့လေ”
အဲဒီအထဲမှာ ကိုခန့်ကိုကိုဇင်၊ ကိုထွန်းလင်းအောင်၊ ကိုကောင်းထက်စံ၊ ကိုဇော်ဇော်၊ ကိုကိုအောင်၊ ကိုထင်လင်းဦး၊ ကိုကောင်းမြတ်ဇော်နဲ့ အမျိုးသမီးတစ်ဦး ပါဝင်ပြီး တစ်ဦးချင်းစီရဲ့ ထောင်ဒဏ်တွေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ သူက ပြောပါတယ်။
အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ခုခံတော်လှန်နေသူတွေကို ထောင်ဒဏ်နှစ်ရှည် ချတာဟာ မတရားအမိန့်ချမှတ်တာဖြစ်လို့ ၂၀၂၃ ခုနှစ်အတွင်း တော်လှန်ရေးကို အရှိန်မြှင့်တင်မယ်လို့ ပုသိမ်မြို့ပြပျောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နဲ့ ၆ ရက်နေ့ကလည်း ပုသိမ်းအကျဉ်းထောင်အတွင်း အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် နိုင်ငံရေးအကျဉ်းသား နှစ်ဦး သေဆုံးခဲ့သလို အကျဉ်းသား ၇၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း ပြည်သူ ၁၃,၇၁၉ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၂,၂၁၆ ဦးက ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။
The Post appeared first on this Source Link
Leave a Reply