ရနောင်းအချုပ်ခန်းမှ လွတ်ရက်စေ့ မြန်မာနိုင်ငံသားများ မြန်မာပြည်ပြန်ပို့ဖို့စီစဉ် — မြန်မာဌာန

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေး (လဝက) အချုပ်ခန်းက လွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လွှတ်မပေးတာကြောင့် အစာငတ်ဆန္ဒပြတာတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်တွေနဲ့ စစ်ကောင်စီ သံရုံးအာဏာပိုင်တွေညှိနှိုင်းပြီး မြန်မာနိုင်ငံပြန်ပို့ဖို့စီစဉ်နေတယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (FED) က မြန်မာအလုပ်သမားတာဝန်ခံ ဦးမင်းဦးက RFA ကို ပြောပါတယ်။

အကျဉ်းသား ၆၀၀ ဟာ ဇန်နဝါရီလ ၂၈ ရက်နေ့က အစာငတ်ခံဆန္ဒပြခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ဘန်ကောက်မြို့ စစ်ကောင်စီသံရုံး သံအရာရှိ ဦးတင်အောင်က ရနောင်းအကျဉ်းထောင်က တာဝန်ရှိသူတွေ၊ ဆန္ဒပြ မြန်မာအကျဉ်းသားတွေ ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် ၃ သုတ်ခွဲပြီး နေရပ်ပြန်ပို့ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“အခုကျနော်တို့ နောက်ဆုံးသိရတာကတော့ မြန်မာအလုပ်သမားနဲ့ မြန်မာအလုပ်သမား သံအရာရှိ သူတို့တွေကနေ သက်ဆိုက်ရာ ရနောင်း လဝက လူကြီးတွေ ဘာတွေနဲ့ သူတို့ တွေ့ညှိနိုင်းတယ်ပေါ့။ နောက်ပြီး မြန်မာပြည်ဘက် အခြမ်းမှာရှိတဲ့ ကော့သောင်းဘက် က သက်ဆိုင်ရာမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးတွေ လက်ခံဖို့ကိစ္စတွေ ညှိပြီးတော့ သဘောတူညီချက်ရတယ်။ အဲတော့ သူတို့ကို ၃ သုတ်ခွဲပြီးတော့ ပို့မယ်ပေါ့ဗျာ။ အခုဒီ ဖေဖော်ဝါရီလအတွင်းမှာ ဒီ ၆၀၀ ကျော်အကုန်လုံးကို ပို့မယ်”

ပထမ အသုတ်အနေနဲ့ လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ၂၀၀ ကျော်ကို စတင် ပို့ဆောင်ပေးမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့ တစ်သုတ်နဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ကျန်နေသူတွေကို ပို့ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံရပြီးနောက် လွတ်ရက်စေ့ပေမယ့် မြန်မာနိုင်ငံကို ပြန်ခွင့်မရဘဲ ရနောင်းမြို့ လဝက အချုပ်ခံမှာ နေထိုင်နေရတာဖြစ်ပါတယ်။ သူတို့တွေကို အလှည့်ကျ ပို့ဆောင်ပေးပေမယ့် အချိန်ကြန့်ကြာလာတာဖြစ်ပါတယ်။ အကျဉ်းသားတချို့ဆိုရင် ကျန်းမာရေးချို့တဲ့မှုနဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ဦးမင်းဦးက ပြောပါတယ်။

ရနောင်းအချုပ်ခန်းထဲက လွတ်ရက်စေ့ မြန်မာအကျဉ်းသားတွေကို ထိုင်းအာဏာပိုင်တွေ ဘက်က လွှဲပြောင်းပေးဖို့ မြန်မာနိုင်ငံဘက်ခြမ်းက တစ်လမှာ တကြိမ်၊ နှစ်ကြိမ်လောက်ပဲ၊ ရာဂဏန်းလောက်ပဲ လက်ခံပေးတယ်လို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ကိုဗစ်အရေးပေါ်ကာလ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ရနောင်းမြို့ လဝက ထိန်းသိမ်းရေးစခန်းက လွတ်ရက်စေ့ မြန်မာလုပ်သား ၄၀၀ ကျော် နေရပ်ပြန်ပို့ ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် နှစ်ဖက်အာဏာပိုင်တွေဘက်က ညှိနှိုင်းမှုများပြုလုပ် ပြီး နေရပ်ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းလဝက ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသူ၊ စာရွက်စာတမ်း အထောက်အထားမရှိသူ၊ မူးယစ်ဆေးဝါး အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရသူတွေဖြစ်ပြီး ပြစ်ဒဏ်ကနေ လွတ်မြောက်ပြီး နေရပ်ပြန်ဖို့ စောင့်ဆိုင်းနေသူတွေ ဖြစ်ကြပါတယ်။



The Post appeared first on this Source Link

Be the first to comment

Leave a Reply

Your email address will not be published.


*