
လီဗာပူးလ်အသင်း၏ ပိုင်ရှင်များဖြစ်သည့် Fenway Sports Group (FSG) သည် အသင်းအားရောင်းချရန် စျေးကွက်တင်ထားသည်မှာ (၃)လကြာပြီဖြစ်သော်လည်း ဝယ်ယူရန် ကမ်းလှမ်းသူ မရှိသေးကြောင်း သိရသည်။
FSG သည် လွန်ခဲ့သည့် (၁၂)နှစ်က ပေါင်သန်း(၃၀၀)ဖြင့် ဝယ်ယူထားခဲ့သော လီဗာပူးလ်အသင်းကို ပေါင်(၂.၇)ဘီလီယံဖြင့် ပြန်လည်ရောင်းထုတ်ရန် နိုဝင်ဘာလအတွင်းက စျေးကွက်တင်ခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းသည် အစောပိုင်းတွင် ရှယ်ယာအချို့ကိုသာ ရောင်းထုတ်၍ ရင်းနှီးမြှုပ်နှံမှုများကို လက်ခံသွားရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် အပြီးသတ်ရောင်းထုတ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အမေရိကန်နှင့် အရှေ့အလယ်ပိုင်းမှ လုပ်ငန်းအဖွဲ့အစည်းများက ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်ခဲ့သည်မှလွဲ၍ တရားဝင်ကမ်းလှမ်းမှု ရှိမလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် FSG သည် အပြီးသတ်ရောင်းချမည့်အစီအစဉ်ကို ပြန်လည်ရုပ်သိမ်း၍ ရှယ်ယာ(၂၀%)ကိုသာ ရောင်းထုတ်သွားရန် စိတ်ကူးလာကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်ဟု Daily Mail က ဖော်ပြခဲ့သည်။
ထို့ပြင် FSG သည် လက်ရှိအချိန်၌ အသင်း၏ရလဒ်များ ဆိုးရွားနေသော်လည်း နည်းပြ ယာဂန်ကလော့ပ်ကို ရာထူးမှ ထုတ်ပယ်ရန် အစီအစဉ်မရှိကြောင်း၊ ယာဂန်ကလော့ပ်ကို ဆက်လက်ထောက်ခံလျက်ရှိပြီး လာမည့်နွေရာသီ၌ အသင်းကို ပြန်လည်တည်ဆောက် ဖွယ်ရှိကြောင်းလည်း Athletic က သုံးသပ်ဖော်ပြခဲ့သည်။
The post အရောင်းစာရင်းတင်ထားသည်မှာ (၃)လကြာပြီဖြစ်သော်လည်း လီဗာပူးလ်အသင်းကို ဝယ်ယူရန် ကမ်းလှမ်းသူမရှိသေး appeared first on CHIN IDOL.
Leave a Reply